ကြီးချင်လွန်းလို့ ကြီးဆေးတွေ ထိုးကြတဲ့အခါ
၉၀ ရာခိုင်နှုန်းသော အမျိုးသားထုရဲ့ ပြဿနာဟာ ကိုယ့်ရဲ့ငယ်ပါကို ရှိနေရင်းထက်ကို ပိုကြီးချင်ကြတာပါ။ သေးတဲ့သူကလည်း ကြီးချင်ကြတယ်၊ ကြီးပြီးသားသူကလည်း ထပ်ကြီးချင်ကြတယ်။ ဒီလို ဖြစ်ရခြင်းရဲ့ နောက်ကွယ်က တရားခံတွေကို ပြန်ကြည့်မယ်ဆိုရင်
- အပေါင်းအသင်း၊ ပတ်ဝန်းကျင်ရဲ့ မြှောက်ထိုးမှုတွေ
- အပြာရုပ်ရှင်ရဲ့ ကြီးမားတဲ့ သက်ရောက်မှုတွေ
- လိင်တံကြီးမှ ပိုကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ အတွေးမှားတွေ
- အမျိုးသမီးတွေဟာ ကိုယ့်အမျိုးသား လိင်အင်္ဂါကြီးမှ ပိုကြိုက်ပါတယ်ဆိုတဲ့ တလွဲအယူအဆတွေ
- လိင်တံအရွယ်အစားဟာ ယောက်ျားပီသမှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ထင်မြင်နေတာ
- လူ့သဘာဝအရ ဖြစ်ပေါ်လာတဲ့ လောဘစိတ်နဲ့ လိုတိုင်းမကျတဲ့စိတ်တွေ
- မိမိခန္ဓာကိုယ်နဲ့ ရုပ်သွင်ပြင်လက္ခဏာအပေါ် မကျေနပ်မှုတွေ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ ကျန်းမာရေးအသိပညာ နည်းပါးတဲ့နေရာတွေမှာ ခေတ်စားတဲ့ ဓလေ့တစ်ခုကတော့ လိင်အင်္ဂါကို ကြီးဆေးထိုးကြတာပါ။ ကြီးဆေးဆိုတဲ့နေရာမှာ ဆေးဝါးမဟုတ်ဘဲနဲ့ သဘာဝမဟုတ်တဲ့ ဆီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတဲ့အရာတွေကို မိမိသဘောနဲ့ ထိုးကြတဲ့ ဆေးမြီးတိုနည်းလမ်းပါပဲ။
အမျိုးသားတွေရဲ့ လိင်အင်္ဂါကြီးထွားမှုဟာ ဘယ်အချိန်မှာ ရပ်တန့်သွားတာလဲ။
အမျိုးသားများ လူပျိုဖော်ဝင်ကာစအချိန်မှာ ကျားဟော်မုန်းထုတ်လုပ်မှု အဆမတန် များပြားလာခြင်းကြောင့် လိင်အင်္ဂါနဲ့ ဝှေးစေ့အရွယ်အစားများ ကြီးထွားလာပြီး အမွေးအမျှင်များ ပေါက်လာပါတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့အခါ ခန္ဓာကိုယ်အချိုးအစားကတော့ ဆက်ကြီးထွားနိုင်သေးပေမယ့် အရပ်အမြင့်နဲ့ လိင်အင်္ဂါအရွယ်အစားကတော့ သဘာဝအတိုင်း ထပ်ပြီးကြီးထွားလာတော့မှာ မဟုတ်ပါဘူး။
ကြီးဆေးထိုးရင် လိင်အင်္ဂါတကယ်ကြီးသွားတာလား။
အမှန်တကယ် ဆေးအာနိသင်ကြောင့် လိင်အင်္ဂါကြီးသွားတာမျိုးမဟုတ်ဘဲ အသားထဲကို ထိုးသွင်းလိုက်တဲ့ ပစ္စည်းတစ်ခုက နေရာယူလာတာကြောင့် ပုံမှန်ထက်ပိုပြီး ဖောင်းပွလာတယ်၊ ကြီးလာတယ်လို့ ထင်ရတာပါ။ သဘာဝမဟုတ်တဲ့ ကြီးဆေးထိုးရခြင်းရဲ့ နောက်ဆက်တွဲမှာ ကောင်းတဲ့အချက်တွေ နည်းနည်းမှ မရှိတဲ့အပြင် ကျန်းမာရေးပိုင်းဆိုင်ရာအရ ဆိုးကျိုးတွေပဲ ကပ်လာနိုင်ပါတယ်။
ဒီဆိုးကျိုးတွေထဲမှာ
- လိင်အင်္ဂါ ပုံပျက်ပန်းပျက်ဖြစ်ပြီး ကြည့်မလှတာ
- ဆေးထိုးထားတဲ့နေရာက ဖောင်းပွပြီး ကျန်တဲ့နေရာက သေးသွယ်နေတာ
- လိင်တံအရေပြား နောက်လှန်ဆွဲလို့မရဘဲ ပိတ်သွားတာ
- ဆီးလမ်းကြောင်းပိတ်ပြီး ဆီးသွားရခက်တာ
- ဓာတ်မတည့်ဖြစ်ပြီး ဖောရောင်လာတာ
- အနာဖြစ်ပြီး ပြည်တည်တာ
- လိင်အင်္ဂါ ပုပ်စော်နံလာတာ
- လိင်အင်္ဂါက အထဲကို တိုဝင်ပြီး ကျုံ့သွားတာ
- ဆေးထိုးထားတဲ့နေရာမှာ အကျိတ်လိုမျိုး မာမာအခဲကြီး ဖြစ်ကျန်နေခဲ့တာ
- လိင်တံကောင်းစွာ မထောင်မတ်နိုင်တော့တာ စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
သဘာဝမဟုတ်တဲ့ ပစ္စည်းများကို လိင်အင်္ဂါသွေးကြောအတွင်း၊ ကြွက်သားထဲကို ထိုးသွင်းတဲ့အခါ ဒီဆေးတွေ၊ ပစ္စည်းတွေဟာ အရည်ပျော်သွားခြင်းမရှိဘဲ အထဲမှာ ပိတ်မိနေတတ်ပါတယ်။ အဆိုးရွားဆုံး အခြေအနေမျိုးမှာ လိင်အင်္ဂါထဲက ထိုးထားခဲ့တဲ့ ပစ္စည်းတွေမှန်သမျှ ခွဲစိတ်ပြီး ခြစ်ထုတ်ပစ်ရတာ၊ လိင်တံတစ်ချောင်းလုံး အရင်းကနေ ဖြတ်ပစ်လိုက်ရတဲ့အထိ အန္တရာယ်ရှိပါတယ်။
ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ရဖို့အတွက် သိထားဖို့ လိုအပ်တဲ့အချက်ကတော့ လိင်အင်္ဂါအရွယ်အစားနဲ့ ပြည့်ဝတဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း၊ လိင်မှုဘဝသာယာခြင်းဟာ အမြဲတမ်း တိုက်ရိုက်အချိုး မသက်ရောက်ပါဘူး။ ဆိုလိုတာကတော့ လိင်တံကြီးပြီး နည်းမသိရင် ကိုယ့်ဆက်ဆံဖော်အတွက်တော့ နာကျင်မှုကလွဲရင် ဘယ်လိုသာယာမှုကိုမှ ခံစားရမှာမဟုတ်ပါဘူး။ ဒါကြောင့် လိင်တံကြီးလာဖို့ ကြီးဆေးထိုးတဲ့ နည်းထက်စာရင်
- အိပ်ချိန်မှန်ဖို့ ဂရုစိုက်ပါ။
- ကျန်းမာရေးကို ဂရုစိုက်ပါ။
- ဆေးလိပ်၊ အရက်လျှော့သောက်ပါ။
- အစာအာဟာရ ပြည့်ဝစုံလင်စွာ စားသုံးပါ။
- လေ့ကျင့်ခန်း များများလုပ်ပါ။
- ဝါသနာပါရာ အားကစားတစ်ခုကို စွဲလုပ်ပေးပါ။
- အပြာရုပ်ရှင်ကို လျှော့ကြည့်ပါ။
- လိင်တံအရွယ်အစားနဲ့ ပတ်သက်လာရင် တခြားသူတွေ ပြောသမျှ နားမယုံပါနဲ့။
- ကိုယ့်ဆက်ဆံဖော်၊ အိမ်ထောင်ဖက်အပေါ် အပေးအယူမျှတစွာ ဆက်ဆံပါ။
- သူ့အကြိုက်၊ ကိုယ့်အကြိုက်ကို သေချာမေးပါ။
အမျိုးသား လိင်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံလာရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သေချာပြသပြီး ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ကျန်းမာရေးပြဿနာများ ရှိမရှိကို စစ်ဆေးကြည့်သင့်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်